Search Box

ရွှေဘိုတွင် GSM ဖုန်း တစ်သိန်းခွဲအထိ ဈေးပေါက်



စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့နယ်တွင် ပထမဆုံး အကြိမ် ရောင်း ချပေးသော GSM ဖုန်း ဆင်းကတ် မှာ ပြင်ပပေါက်ဈေး ကျပ် တစ်သိန်းခွဲ အထိ ရှိကြောင်း တယ်လီဖုန်း ဈေးကွက်နှင့် ဖုန်းအကျိုးဆောင် များထံမှ စုံစမ်း သိရှိရသည်။ “ရောင်းသူနဲ့ ဝယ်သူ တိုက်ရိုက် တွေ့ရင်တော့ GSM က တစ်သိန်းခွဲအောက် ရပါတယ်။ CDMA ဖုန်းက ရှစ်သောင်းပဲ ပေါက်တော့တယ်။ ဝယ်ဈေးကတော့ GSM ဖုန်းတစ်လုံးကို တစ်သိန်း လေးသောင်း ဝန်းကျင်နဲ့ CDMA ဖုန်း တစ်လုံးကို ခုနစ်သောင်းခွဲ ရှစ်သောင်း ပေးဝယ်တယ်” ဟု ကြယ်တံခွန် ဖုန်းရောင်းဝယ်ရေးမှ ဦးမျိုးညွှန့်က ဆိုသည်။ ရွှေဘိုမြို့နယ်တွင် လေးလအတွင်း တန်ဖိုးနည်းဖုန်း အလုံးအရေအတွက် ၂၅၀၃ လုံးအထိ ခွဲတမ်း ချပေးထားခဲ့ပြီး ယခုလအတွက် CDMA ဖုန်း အလုံး အရေအတွက် ၁၁၀၀၊ GSM ဖုန်းအရေအတွက် ၂၀၀ ခွဲတမ်း ချပေးခဲ့ကာ ဝန်ထမ်းများအတွက် သုံးပုံ တစ်ပုံ ခွဲတမ်း ချပေးခဲ့ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ စုံစမ်း သိရှိရသည်။ “အခုဖုန်းက တစ်သိန်းခွဲ ပေါက်တယ်။ ဖုန်းတန်းစီရတာ မန္တလေးမြို့လို မူးလဲ သေဆုံးမှာ စိုးရိမ်နေရလို့ နောက်ပြန် ဆုတ်ခဲ့ရတယ်။ နောက်တစ်ကြိမ် ဖုန်းပေးမယ်ဆိုရင် တစ်ရက်ကို ပေါက်မဲ နံပါတ် ဘယ်လောက်နဲ့ ဘယ်လောက်ကြားထိ ထုတ်ပေးတယ် ဆိုပြီး နံပါတ် အစဉ်လိုက် ပြီးနိုင်မယ့် အရေအတွက်နဲ့ ချိန်ကိုက်ပြီး ထုတ်ပေးစေချင်ပါတယ်။ CDMA ဖုန်းပဲ ထုတ်ပေးတယ်ဆိုပြီး GSM ဖောင်တွေ ဘေးထိုးထားတာ တော်တော် ကြာကြာ စောင့်လိုက်ရတယ်။ တစ်နေကုန်သွားတယ်” ဟု GSM ဖုန်းပေါက်သူ တစ်ဦးက ဆိုသည်။ ရွှေဘိုတွင် CDMA နှင့် GSM ဖုန်းများကို ရောင်းချထားပေးသည်မှာ လေးလ တိုင်ခဲ့ပြီ ဖြစ်သော်လည်း တယ်လီဖုန်း တာဝါတိုင် မရှိသေးသည့် ရွှေဘိုခရိုင် ဝက်လက် မြို့နယ်တွင် တန်ဖိုးနည်းဖုန်း တစ်ကြိမ်မှ မရရှိသေးကြောင်း ဝက်လက် မြို့ခံများက ပြောကြားသည်။ 

The voice weekly

သာကေတမြို့နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ

သာကေတမြို့နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၁

၁၀.၈.၂၀၁၃ ရက်နေ့ ၁၃၁၅ အချိန် သာကေတမြို့မရဲစခန်း မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ သုမနလမ်းထောင့်၌ စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထား သူ ကျော်ထွန်း(ဘ)ဦးကျော်စိန်၊ တာကြီးရပ်ကွက်၊ ဒလမြို့နယ်
နေသူအားတွေ့ရှိရှာဖွေရာ ၎င်း၏ခန္ဓာကိုယ်ဝဲ ဘက်ဂျိုင်းကြားအတွင်း၌ညှပ်လျက် ဂျာနယ်စက္ကူဖြင့် ထုတ်ထားသော ဆေးခြောက် ဟုယူဆရသည့် အရွက်ခြောက်
အလေးချိန် (၅.၇)ဂရမ်(၁)ထုပ်အားတွေ့ရှိသိမ်းဆည်းရမိသဖြင့် သာကေတမြို့မရဲစခန်း မယ(ပ)၁၄/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ) ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

တရားမဝင် ကုန်သွယ်မှု ကိုးလအတွင်း ကျပ်သန်းခြောက်ထောင်ကျော်ဖိုး ဖမ်းဆီး





တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ရွေ့လျားအဖွဲ့ Mobile Team မှ ကိုးလအတွင်း တရားမဝင် ကုန်သွယ်မှု ၁၈၀၀ ကျော်၊ ခန့်မှန်းတန်ဖိုးငွေ ကျပ်သန်းပေါင်း ခြောက်ထောင်ကျော်ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ မူဆယ်-မန္တလေး လမ်းကြောင်းပေါ်မှ ၅၇၅ မှု၊ (တန်ဖိုးငွေကျပ် ၃၅၄၉ ဒသမ ၀၅၈ သန်း)၊ မြဝတီ-ရန်ကုန်လမ်းကြောင်းပေါ်မှ ၈၅၁ မှု (ကျပ် ၁၃၉၃ ဒသမ ၇၉၉ သန်း)၊ ထုတ်နုတ်အင်အားများအဖြစ် မူဆယ် အခြေစိုက်စခန်း အနီးဝန်းကျင် ရှောင်ကွင်းလမ်းများမှ ၃၄၂ မှု (ကျပ် ၁၃၁၉ ဒသမ ၆၇၅ သန်း)၊ တာချီလိတ်စခန်း အနီးဝန်းကျင် ရှောင်ကွင်းလမ်းများမှ ၁၇ မှု (ကျပ် ၇ ဒသမ ၂၅၁ သန်း)၊ တမူးဒေသမှ ၁၈ မှု (ကျပ် ၃၁ ဒသမ ၅၇၀ သန်း) နှင့် ကန်ပိုက်တည်ဒေသမှ ၂ မှု (ကျပ် ၁၈ ဒသမ ၅ သန်း) စုစုပေါင်း အမှုတွဲပေါင်း ၁၈၀၅ မှု၊ ခန့်မှန်းတန်ဖိုးငွေ ကျပ်သန်းပေါင်း ၆၃၁၉ ဒသမ ၈၅၃ သန်းကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း ၎င်းကပြောကြားသည်။

“ဒီလုပ်ငန်းဟာ ကျွန်တော်တို့အတွက် အန္တရာယ်တွေ ရှိပါတယ်။ ဒါပေမဲ့ အစိုးရတစ်ရပ်ဟာ အခွန်မရရင် ဘယ်လိုရပ်တည်နိုင်မှာလဲ။ ဒီကိစ္စအတွက် တစ်ချိန်မှာ ကျွန်တော်တို့ တရားခံ အဖြစ်မခံနိုင်ပါဘူး၊ ဒါကြောင့်မို့ ဒီအဖွဲ့ကို ဖွဲ့ပြီး ဆောင်ရွက်ရတာပါ ” ဟု ၎င်းကဆိုသည်။

သြဂုတ်လ ၁၂ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့တော်သို့ ဝင်ပေါက်လေးနေရာနှင့် ပြည်တွင်းဆိပ်ကမ်း အားလုံးကိုလည်း ဆက်လက်စစ်ဆေး ဖမ်းဆီးသွားမည် ဖြစ်ကြောင်း၊ ဖမ်းဆီးရမိခဲ့သည်များအနက် အမှုတွဲပေါင်း ၂၄၀၊ ကျပ် ၅၆၃ ဒသမ ၆၀၅၅ သန်းကျော် တန်ဖိုးရှိသော ပြည်သူများ စားသုံးရန် မသင့်သည့် ကုန်ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း ၁၅ ခုရှိပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့အထိ ကုန်သွယ်မှုပမာဏမှာ ကျပ် ၂၆၆၄ သန်းကျော် ရှိကြောင်း သက်ဆိုင်ရာ ဌာနစာရင်းများအရ သိရသည်။

အောင်မျိုးထက်

ဗိုလ်ချုပ်လက်ရေးမူ ဦးခင်အောင်မြင့် ပြန်ပေးတော့မည်

ဗိုလ်ချုပ်လက်ရေးမူ ဦးခင်အောင်မြင့် ပြန်ပေးတော့မည်
------------------------------
----------------------------
ရန်ကုန်- ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူပါဠိမှတ်စုစာအုပ်ကို ယူဆောင်သွားသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အဆိုပါစာအုပ်ကို ရေနံချောင်းမြို့မိမြို့ဖများသို့ ပြန်လည်ပေးအပ်မည်ဟု ပြောကြားလိုက်ကြောင်း သတင်းရရှိသည်။

သြဂုတ် ၉ ရက် ရေနံချောင်းမြို့တွင် စာအုပ်ပြန်လည်ရရှိရေးအတွက် ပြုလုပ်သော အခမ်းအနား၌ ရေနံချောင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ညိမ်း တက်ရောက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အဆိုပါစာအုပ်ကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ဦးခင်အောင်မြင့်ကိုယ်စား ပြောကြားခဲ့သည်။

“ဦးခင်အောင်မြင့်က သူကိုယ်တိုင်မလာနိုင်လို့ ပြောကြားခိုင်းတာပါ။ ရေနံချောင်းမြို့ကသူတွေ ဒီစာအုပ်ကို အလွန်ချစ်မြတ်နိုးကြတယ်ဆိုတာသိလို့ ၀မ်းသာနေပါတယ်။ သူလည်း ဒီစာအုပ်ကို တန်ဖိုးထားပါတယ်။ လွှတ်တော်ပြီးတဲ့အချိန် စာအုပ်ကိုလာပေးမှာပါ။ ဒီကြားထဲမှာ ယူချင်တယ်ဆိုရင် လာယူလှည့်ကြပါလို့ မှာလိုက်ပါတယ်”ဟု ရေနံချောင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ညိမ်းက ပြောသည်။

“စာအုပ်ကို ပြန်ပေးမယ်ဆိုလို့ ၀မ်းသာပါတယ်။ ဒီကြားထဲမှာ သွားယူမှာပါ။ စာအုပ်ပြန်ရမှ နိုင်ငံတော်ကို လှူသင့်၊ မလှူသင့်ဆိုတာ မြို့မိမြို့ဖတွေနဲ့ တိုင်ပင်သွားမှာပါ”ဟု အဆိုပါစာအုပ်ပြန်ရရှိရေးအတွက် ရေနံချောင်းမြို့မိမြို့ဖ ၂၁ ဦးဖြင့် ဖွဲ့စည်းထားသည့် ကော်မတီဥက္ကဋ္ဌ ဦးသာချိုက ပြောသည်။

အဆိုပါစာအုပ် ပြန်လည်ရရှိရေးအတွက် သြဂုတ် ၇ ရက်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ထံ တောင်းဆိုသောစာကို ယင်းအဖွဲ့က ရေးသားပေးပို့ခဲ့သည်။ ထိုစာထဲတွင် စာပေးပို့သည့်ရက်မှစပြီး ခုနစ်ရက်အတွင်း ရေနံချောင်းမြို့ အမှတ် (၁)အထက်တန်းကျောင်းသို့ အရောက်ပေးပို့ရမည်ဟု တောင်းဆိုသည့်စာတွင် ရေးသားထားကြောင်း ဦးသာချိုက ဆက်လက်ပြောသည်။

ဇူလိုင် ၁၉ ရက်တွင် ရေနံချောင်းမြို့သို့ ရောက်ရှိလာသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ရေနံချောင်း အမှတ်(၁)အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ရေနံချောင်း မြို့သူမြို့သားများ အမြတ်တနိုး ဂုဏ်ယူစွာ ထိန်းသိမ်းစောင့်ရှောက်ထားသော ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူပါဠိစာအုပ်ကို ရေနံချောင်း အမှတ် (၁)ကျောင်းအုပ်ဆရာမကြီးထံမှ တောင်းယူသွားခဲ့ခြင်းဖြစ်သည်။