Search Box

ချစ်သူကို အုပ်မိုးမယ့်ထီး

ချစ်သူကို အုပ်မိုးမယ့်ထီး


ဟိုးအရင်ခေတ်ကာလများစွာတုန်းက ထီးဆိုတာ မင်းစိုးရာဇာတွေမှ သုံးစွဲရတဲ့ အရာဝတ္ထု တစ်ခုပါ
ယခု ခေတ်မှာ သုံးစွဲနေကြတဲ့ထီးရဲ့ ပုံစံကို အီဂျစ်လူမျိုးတွေက စတင်သုံးစွဲခဲ့ပါတယ်။

အီဂျစ်နိုင်ငံရဲ့ မင်းသမီးတွေဟာ ကိုယ်ပိုင်တဲ့ ထီးရဲ့အလှကို ယှဉ်ပြိုင်ပြီး အချင်းချင်း ကြွားဝါတတ်ကြတယ်
ဂရိ မှာတော့ ထီးတွေဟာ ယုံကြည်ကိုးကွယ်မှုရဲ့ အမှတ်လက္ခဏာအဖြစ် တွင်ကျယ်ခဲ့ပါတယ်။
ဂရိနတ်မင်းတစ်ပါးရဲ့ သမီးတော် ( Panathena ) ဟာ ထီးကို သူမရဲ့လက်ထဲမှာ ဆုပ်ကိုင်ထားခဲ့တဲ့အတွက်
ထီးဟာ အေသင်မြို့ပြနိုင်ငံရဲ့ အမျိုးသမီးများကို ကိုယ်စားပြုတယ်လို့ အဲဒီခေတ်ကာလက လူများဟာ
ယုံကြည် လက်ခံခဲ့ကြပါတယ်။
အေသင်မြို့ပြကနေ အဲဒီယုံကြည်မှုဟာ ရောမ အင်ပါယာ အထိ ကူးစက်လာခဲ့ပါတယ်။ ရောမ အင်ပါယာကို ကူးစက်လာခဲ့ချိန်မှာတော့ အများစုသော အမျိုးသမီးတွေဟာ သူတို့ရဲ့ အသားအရေကို ထိန်းသိမ်းဖို့နဲ့ အပူဒဏ်ကို ကာကွယ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာခဲ့ကြပါတယ်။
အဲဒီ ရောမအင်ပါယာခေတ်မှာ အသုံးပြုခဲ့တဲ့ ထီးတွေရဲ့ ယဉ်ကျေးမှုနဲ့အတူ အမျိုးသားအမျိုးသမီးတွေ
ချစ်သူတွေ ကြားထဲမှာလည်း အဲဒီ ယဉ်ကျေးမှုက ထွန်းကားခဲ့ပါတယ်။
ချစ်သူ အမျိုးသားတွေဟာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာ ပြယုဂ်တစ်ခုအဖြစ် မိမိချစ်သူ မိန်းကလေးကို ထူးခြားဆန်းပြားတဲ့ ထီးပုံစံအမျိုးမျိုး တီထွင်ပြုလုပ်ပြီး ချစ်လက်ဆောင်ပေးတတ်ကြပါတယ်။
ထီးတစ်လက် ပြုလုပ်ဖို့ ကုန်ကျစရိတ်ဟာ ဈေးနှုန်းကြီးလွန်းလို့ အဲဒီခေတ်က မင်းစိုးရာဇာတွေနဲ့ သူဌေးသူကြွယ်တွေသာ လက်ဆောင်အဖြစ် ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ရောမအင်ပါယာ ထွန်းကားခဲ့စဉ်ကာလမှာ ထီးဟာ ချမ်းသာကြွယ်ဝမှု အာဏာရှိမှုကိုလည်း ဖော်ပြနိုင်တဲ့
အဆောင်အယောင် တစ်ခုအဖြစ် လက်ခံခဲ့ကြပါတယ်။
ထီးကို လောကမှာ ကြီးမြတ်သော နတ်ဘုရား၏လက်ဆောင် ဟုသတ်မှတ်ပြီး မိမိချစ်ခင်မြတ်နိုးရသောသူကို ရွေးချယ်ပြီး ပေးအပ်လေ့ရှိပါတယ်။
၁၇ ရာစု တရုတ်၊ အိန္ဒိယ နိုင်ငံတွေမှာ ထီးကို ရာဇ အဆောင်အယောင် အဖြစ် စတင်အသုံးပြုလာကြပါတယ်။ လူတစ်ယောက်ရဲ့ အာဏာ၊ အဆင့်အတန်းဟာ ထီး ဘယ်နှလက် ဆောင်းခွင့်ရှိသလဲဆိုတဲ့ အပေါ်နဲ့ မည်သည့် အရောင်ကို ပိုင်ဆိုင်ခွင့် ရသလဲဆိုတဲ့ အပေါ်မှာ ကြည့်ရှုပြီး ဆုံးဖြတ်လို့ရပါသတဲ့....။
၁၇ ရာစု အလယ်လောက်မှာ တရုတ်နိုင်ငံဆီက အဲဒီ ယဉ်ကျေးမှုတွေဟာ ပြင်သစ်နဲ့ အဂ်လန်နိုင်ငံမှာ လူများစုသုံး ပစ္စည်းတစ်ရပ်အနေနဲ့ စတင်တွင်ကျယ်လာ ခဲ့ပါတယ်။
အဂ်လန်နိုင်ငံက ချစ်သူတွေက မိမိချစ်သူကို လက်ထပ်ခွင့် တောင်းခံခါနီးမှာ ရွှေနဲ့ ပြုလုပ်ထားတဲ့ ထီးကလေးကိုပါ အတူပေးပို့တတ်ပါတယ်။
ဆိုလိုချင်တာကတော့  မင်းရဲ့ဘ၀ကို ထီးကဲ့သို့ အရိပ်မိုးပြီး ဘ၀ရဲ့ မုန်တိုင်းကြမ်းတွေဆီက ကာကွယ်ပေးမယ့်သူပါဟဟု ဆိုလိုပါတယ်။
အခု  ခေတ်မှာတော့ ထီးဟာ လူများစု လွယ်လင့်တကူ ၀ယ်ယူကိုင်တွယ်အသုံးချနိုင်တဲ့ လူအများစုသုံးပစ္စည်းတစ်ခု ဖြစ်လာပါပြီ။ ထီးရဲ့ ပုံစံတွေကလည်းတစ်နေ့ထက်တစ်နေ့ တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။
အရိုးတံရှည် ထီးတွေကနေ နှစ်ဆစ်ချိုး၊ သုံးဆစ်ချိုး စသည်ဖြင့် အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့ပါပြီ။ သို့သော် ထီး၏ ဆိုလိုရင်းကား မပြောင်းလဲသေး။
နေဒဏ်၊မိုးဒဏ် ရာသီဥတု ဒဏ်တို့မှာ ကာကွယ်ပေးရန်ဟူသော ရည်ရွယ်ချက်ကလည်း မပြောင်းလဲသေးပေ။ ထို့အတူ ချစ်သူများ၏ မိမိချစ်သူအား လောက၏ အဆိုးတရားများမှ ကာကွယ်ပေးချင်စိတ်၊ အရာရာအကောင်းမွန်ဆုံးများသာ ဖန်တီးပေးချင် စိတ်တို့ကလည်း ဟိုးအရင်က ချစ်သူများအတိုင်း ယနေ့ခေတ်ချစ်သူများအကြား ရှိနေကြသေးသည်။
ထိုချစ်သူများကြား၌ ရာစုနှစ်ပေါင်းများစွာ တည်တံလာခဲ့သော ထီးသည် ချစ်ခြင်းမေတ္တာ၏ သရုပ်လက္ခဏာတစ်ခုအဖြစ် ရှိနေမြဲပင်....။
မိမိ၏ ချစ်သူ၏ အလှတရား၊ စိတ်နှလုံးသားကို လုံခြံစွာ ကာကွယ်ပေးပါမည်ဟူသော ကတိစကား၏ ရုပ်ပုံ သင်္ကေတအဖြစ် ထီးကလေးတစ်ချောင်းကို မိမိချစ်သူအား ၀ယ်ပေးဖြစ်အောင် ၀ယ်ပေးလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ ................... ။

လွန်ခဲ့တဲ့ ၅ နှစ်လောက် ဖတ်ဖူးတဲ့စာအုပ်လေးထဲက စာရေးဆရာ သဲအောင်ရေးထားတာလေးကို သဘောကြလို့
ပြန်လည်မျှဝေပေးတာပါခင်ဗျာ ။ အခုလိုဖတ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ...။

Ki Ki Ko