Search Box

စကားမာရသွန်

ဒီဆောင်းပါးလေးက ၂၀၀၉ ခုနှစ် မတ်လ မှာ ထုတ်တဲ့
ဆရာကြီး လူထုစိန်ဝင်းရဲ့စကားမာရသွန် ကို ပြန်လည်ဖြန့်ဝေပေးခြင်း ဖြစ်ပါတယ် ။ လူငယ်များအနေနဲ့ ဖတ်ဖြစ်အောင် ဖတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ.......

စကားမာရသွန်



ဆရာ ။           ။ ဟဲ့ဘာဖြစ်လာတာလဲ မျက်စိပျက် မျက်နှာပျက်နဲ့။
ကျောင်းသူ ။    ။ ငိုချင်လို့ရောက်လာတာ ဆရာရဲ့။ ကျွန်မတို့မှာ မိဝေးဖဝေးနဲ့
                      ရန်ကုန်လာနေရတာဆိုတော့ တစ်ခုခုဖြစ်လို့ စိတ်ညစ်ရတိုင်း
                      ဆရာ့ကိုသာ ပြေးပြေးပြီး သတိရနေတာ မဟုတ်လား ။
ဆရာ ။           ။ ကောင်းစွ ။ စိတ်ညစ်ရတိုင်းတော့ ဆရာ့ကို သတိရပြီး ပျော်ရွှင်တဲ့
                      အခါတွေ ၊ အဆင်ပြေနေတဲ့ အခါတွေကျတော့ ဆရာ့ကို သတိမရတော့ဘူးပေါ့ ။
ကျောင်းသူ။     ။ ပြောရင်လည်းခံရမှာပဲဆရာ။ စိတ်ညစ်တဲ့အခါတွေ တစ်ခုခု တိုင်ပင်စရာ၊
                      အကြံတောင်း ဆရာတွေရှိတဲ့အခါတွေမှာ ဆရာ့ကို ပိုအမှတ်ရမိတာတော့ အမှန်ပဲ။
ဆရာ။        ။ ကဲ ဆိုစမ်းပါဦး။ ဘာတေါစိတ်ညစ် လာရပြန်တာလဲ။ ဘွဲ့ရပြီး အလုပ်မရသေးတော့လည်း
                   တညည်း ညည်း။ အလုပ်ရပြီးတော့လည်း တညည်းညည်းနဲ့ မင်းတို့ဟာက မဟုတ်သေးပါဘူး။
               လူငယ်မဟုတ်သလိုပဲ။ ဒီအချိန် ဒီအရွယ်ဆိုတာ မြူးထူးတက်ကြွနေရမယ် မဟုတ်ဘူးလား။
                 ဘွဲ့လည်းရပြီးပြီ ၊ အလုပ်နဲ့အကိုင်နဲ့လည်း ဖြစ်နေပြီ။ ဘာလိုသေးလို့လဲ။
ကျောင်းသူ။      ။ အလုပ်ထဲမှာ စိတ်ညစ်စရာတွေ တွေ့နေရလို့ပါဆရာ ။
ဆရာ။             ။ နိုင်ငံခြားသားတွေနဲ့လုပ်ရတာဆိုတော့ ဓလေ့စရိုက်တွေ မတူတာတွေတော့ ရှိမှာပေါ့ကွယ်။
                      ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ့်လူမျိုးရဲ့ ဂုဏ်သိက္ခာကို မထိခိုက်သရွေ့တော့ သည်းခံရမှာပေါ့။
ကျောင်းသူ။     ။ နိုင်ငံခြားသားနဲ့ ဖြစ်ရတာမဟုတ်ဘူး ဆရာရဲ့။ ကိုယ့်မြန်မာအချင်းချင်း ဖြစ်ရတာမို့ စိတ်ထဲမှာ
                     ကျလိကျလိ ဖြစ်နေရတာ။
ဆရာ ။           ။ နိုင်ငံခြားသား မန်နေဂျာရဲ့ အတွင်းရေးမှူးမလေးက မြန်မာစစ်စစ်ပါဆရာ။ ဒါပေမယ့် မန်နေဂျာနဲ့
                      အမြဲတွဲလုပ်နေရတာဆိုတော့ ကျွန်မတို့ ၀န်ထမ်းတွေအပေါ် သိပ်မောက်မာတယ်။ သူ့ကိုယ်သူ
                     မန်နေဂျာနဲ့တန်းတူလို့ အောက်မေ့နေတာ။ ဒီမနက် သန့်ရှင်းရေးလုပ်နေကျ ကောင်လေးတစ်ယောက်
                    ခွင့်ယူထားလို့ မလာဘူး။ အဲ့ဒါ အတွင်းရေးမှူးမက မန်နေဂျာရဲ့အခန်းကို တံမြက်စည်း လှည်းပြီး
                    ဖုန်တွေ ဘာတွေ သုတ်လိုက်ပါလို့ ကျွန်မတို့ကို ခိုင်းတယ်။
ဆရာ။            ။ ဒီတော့...။
ကျောင်းသူ။      ။အဲဒီတော့ ကျွန်မက ဆရာ့တပည့်ပဲဆရာရယ်။ ဘာရမလဲ။ ငါ့အလုပ်က ဒီ Company မှာ စာရင်းကိုင်
                      ဖြစ်တယ်။သန့်ရှင်းရေးသမားမဟုတ်ဘူး။ လူမရှိလို့ရှိရင် မန်နေဂျာ လက်တိုလက်တောင်း ခိုင်းဖို့
                     ခန့်ထားတဲ့ အတွင်းရေးမှူးက လုပ်ရမှာပေါ့လို့ ပြန်ပြောလိုက်တယ်။ ဘာပြောကောင်းမလဲဆရာရယ်
                     ကက်ကက်လန်အောင် ကျွန်မကို ရန်တွေ့တော့တာပဲ။ သူ့ကို လက်တိုလက်တောင်း အခိုင်းအစေလို့
                     ပြောရပါ့မလားဆိုပြီး ဒေါသူပုန်ထနေလိုက်တာ။
ဆရာ။            ။ ဒါနဲ့နေပါဦး မင်းပြောတော့ ငိုချင်လို့ရောက်လာတာဆို။ မန်နေဂျာက ဆူလို့လား။
ကျောင်းသူ။     ။ သူက တိုင်ပေမဲ့ မန်နေဂျာက ဘာမှမပြောဘူး။အဲဒီလို ဘာမှမပြောလေ သူက ကျွန်မကို ရန်ထောင်လေပဲ ဆရာ။
                     ကျွန်မ ဒီအလုပ်က ထွက်လိုက်ချင်ပြီ။ အဲဒါ ဆရာ့ကို လာတိုင်ပင်တာ။
ဆရာ။           ။ဘာဆိုင်လို့ အလုပ်က ထွက်ရမှာလဲကွဲ့ ။ အလုပ်ရှင်နဲ့ ဖြစ်ရတဲ့ ပြသနာမှ မဟုတ်တာပဲ။
ကျောင်းသူ။     ။ကျွန်မ ရန်မဖြစ်တတ်ဘူး။ သူက ရန်ထောင်ထောင်နေတော့ နေရထိုင်ရတာ စိတ်မချမ်းသာဘူး။
                     ပြန်လည်း မပြောတတ်ဘူး။ ၀မ်းနည်းတာပဲ ရှိတယ်။

ဆရာ။        ။ ဘာဝမ်းနည်းဆရာရှိလို့လဲ .... ကိုယ့်ဘက်က မှားတာမှမဟုတ်တာပဲ။
ကျောင်းသူ။        ။ကျွန်မပြောလိုက်တာ မမှားဘူးမဟုတ်လားဆရာ။
ဆရာ။          ။ သန့်ရှင်းရေးမလုပ်နိုင်ဘူးလို့ ပြောလိုက်တဲ့ ကိစ္စက မမှားပါဘူး။ သူ့ကို လက်တိုလက်တောင်း အခိုင်းအစေလို့
                    ပြောလိုက်တာ မှားတယ်။
ကျောင်းသူ။     ။ သိပ်စီးပိုးလွန်းတာ မခံချင်လို့ ပြေလိုက်တာပါ ဆရာ။ နေ့တိုင်း ၀န်ထမ်းတွေအပေါ် သိပ်မောက်မာတာ။ သူ့အစော်ကား
                     အခံရဘူးတဲ့သူကိုမရှိဘူး။
ဆရာ။          ။ လုပ်သင့်လုပ်ထိုက်လို့ လုပ်တယ်လို့ ယုံကြည်တဲ့ကိစ္စဆိုရင် ဘာဝမ်းနည်းစရာ လိုသလဲ။
ကျောင်းသူ။    ။ကျွန်မ မမှားဘူး။ မလွန်ဘူးဆိုတာ ကျွန်မယုံတယ်။ ၀န်းထမ်းအားလုံးကလည်း ဒီအတိုင်းပဲ ပြောကြတယ်။
ဆရာ။       ။ အဲဒီလိုဆိုရင် ဒီကိစ္စက ပြီးနေပြီပဲ။ ဘာမှ ဆက်ပြီး စဉ်းစားနေဖို့ မလိုတော့ဘူးပေါ့။ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်
                 သွားရုံပဲပေါ့။
ကျောင်းသူ။     ။ ကိုယ်က ပြီးသွားပေမယ့် သူက မပြီးလို့ ခက်နေတာပေါ့ဆရာ။ သူက ရန်တစောင်စောင်နဲ့ ဆက်လုပ်နေတော့ ဘယ်လိုလုပ်မလဲ။
ဆရာ။          ။ဒါက သူ့အပိုင်းလေ။ကိုယ်နဲ့ မဆိုင်တော့ဘူး။ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်နေရုံပေါ့။ လက်ခုပ်တီးတယ်ဆိုတာ နှစ်ဖက်ညီမှ တီးရတာမျိုးပဲ။
ကျောင်းသူ။     ။ ကျွန်မ စိတ်ဓာတ်က သိပ်ပျော့လို့လား မသိပါဘူး ဆရာရယ်။ ဂရုမစိုက်ဘဲ နေလို့ကို မရဘူး။ သူက စူ အောင့်ပြတိုင်း စိတ်ညစ်နေရတယ်။
ဆရာ။     ။ ဟုတ်တယ် အဲ့ဒါ စိတ်ဓာတ်ပျော့လို့ ဖြစ်ရတာ။ စိတ်ဓာတ်ခိုင်မာပြတ်သားရင် ဒါမျိုးတေါကို ဂရုစိုက် မနေတော့ဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်နေမှာပဲ။
ကျောင်းသူ။      ။ကျွန်မက ငယ်ငယ်ကတည်းက သိပ်စိတ်ဓာတ်ပျော့တာ။ မိဘတွေက နည်းနည်းလေး မပြောလိုက်နဲ့ မျက်ရည်က အရင်ကျလာတာပဲ။
                      ဒီလိုစိတ်ဓာတ်ပျော့တာကို ပြုပြင်လို့ ရနိုင်သလား။
ဆရာ။           ။လုပ်ချင်တဲ့ဆန္ဒ အမှန်တကယ်ရှိရင် လောကမှာ ရှာလုပ်လို့ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိပါဘူး။
ကျောင်းသူ။    ။ စိတ်ဓာတ်ပျော့ညံ့တာကို ပြုပြင်ဖို့အတွက် စိတ်ဓာတ်ပျော့ညံ့မှု ဘာကြောင့်ဖြစ်လာရသလဲဆို တာကို အရင်ဆုံး သိအောင်လုပ်ရမယ်။
                    အခြေခံအားဖြသင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပါးခြင်းက ပေါ်ထွက်လာတာဖြစ်တယ်။ ဘယ်လိုယုံကြည်မှုနည်းတာလဲဆိုတော့ ကိုယ်လုပ်တာ
                    မှန်မှမှန်ရဲ့လား။ ကိုယ်ရွေးလိုက်တာ ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ သံသယတွေ အမြဲဝင်နေတတ်တာမျိုးကို ဆိုလိုတာပဲ။
ကျောင်းသူ။    ။ ဟုတ်တယ်ဆရာ။ ကျွန်မ ပစ္စည်းတစ်ခုဝယ်တိုင်း၊ အဲဒါမျိုး ဖြစ်တတ်တယ်။ ဆိုင်မှာလည်း ဟိုဟာလေး ကောင်းနိုးနိုး၊ ဒီအရောင်လေး ကောင်းနိုးနိုးနဲ့
                     ရွေးလို့ကို မရနိုင်အောင် ဖြစ်ရတယ်။ နောက်ဆုံး အကြိုက်ဆုံးလို့ ထင်တာကို ရွေးပြီး ယူခဲ့ပေမဲ့ အိမ်ရောက်တော့ တခြားဟာကို မယူခဲ့မိတာ
                    မှားလေခြင်းလို့ နောင်တရနေမိပြန်ရော။ အဲဒါ ဘာကြောင့်လဲဆရာ။
ဆရာ။        ။ အဲ့ဒါ ကိုယ် ဘာအကြိုက်ဆုံးဖြစ်လဲ။ ဘာကို အလိုချင်ဆုံးဖြစ်လဲဆိုတာကို တိတိကျကျ မသိလို့ပါ။ ဥပမာ- မင်းက အစိမ်းရောင်ကို အကြိုက်ဆုံးဆိုတဲ့
                  ဆုံးဖြတ်ချက်အခိုင်အမာရှိထားရင် ဆိုင်မှာ အစိမ်းရောင်ပြပါလို့ ပြောလိုက်ရုံပဲ....။ ဟိုအရောင် ကောင်းနိုးနိုး၊ ဒီအရောင်ကောင်း နိုးနိုး စိတ်ထဲမှာ ဇဝေ ဇ၀ါ
                 ဖြစ်နေစရာ မလိုတော့ဘူးလေ။ ကိုယ်အကြိုက်ဆုံးကဘာလဲ။ ကိုယ်အလိုချင်ဆုံးက ဘာလဲဆိုတာကို တိတိကျကျ ပြတ်ပြတ်သားသားမသိတဲ့ လူမျိုးဟာ ဘဝ
                မှာလည်း ဘယ်တော့မှ လူတစ်လုံး သူတစ်လုံး မဖြစ်နိုင်ဘူး။ ပေါ်ပင်လိုက် မီးစင်ကြည့်ပြီးက ရာသီအလိုက် အရောင်ပြောင်းဆိုတဲ့ ရေစုန်မျှောသမားသာ ဖြစ်မှာပဲ
ကျောင်းသူ။     ။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတဲ့ စိတ်တို့၊ အားငယ်ပျော့ညံ့တဲ့ စိတ်တို့ဆိုတာတွေဟာ မွေးရာပါ ဇာတိစိတ်လားဆရာ။
ဆရာ။            ။မွေးကတည်းက ပျော့ညံစွာ မွေးလာတယ်လို့ မရှိပါဘူး။ ကလေးတစ်ယောက်ရဲ့ စိတ်ဓာတ် တည်ဆောက်ဖွံ့ဖြိုးမှုဆိုတာ သူကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့
                     အခြေအနေကို လိုက်ပြီး ဖြည်းဖြည်းချင်း တစ်ပြီးတစ်စ ဖြစ်တည်လာရတာပါ။ အကာအကွယ် အစောင့်အရှောက် လွန်ကဲမှုအောက်မှာ ကြီးပျင်းလာရတဲ့
                     ကလေးတွေနဲ့ တင်းကျပ်လွန်းတဲ့ အချုပ်အချယ်အောက်မှာ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ အများအားဖြင့် ပျော့်ညံ့တဲ့ အားငယ်တတ်တဲ့ တွေဝေ
                    ယိမ်းယိုင်တတ်တဲ့ စိတ်ဓာတ်မျိုးတွေ ရှိလာစေတယ်။
ကျောင်းသူ။     ။ပျော့ညံ့အားငယ်တဲ့ စိတ်ဓာတ်တွေရှိလာတာ လူစွမ်းလူစ အရည်အသွေး နုံနဲ့လာရတာဟာ မိသားစု အသိုင်းအ၀ိုင်းပေါ်မှာ မူတည်တယ်လို့ ဆိုရမှာလားဆရာ။
ဆရာ။          ။အများအားဖြင့် ဖြစ်တည်တယ်လို့ ဆိုရမှာပေါ့။
ကျောင်းသူ။     ။အဲလိုဆိုတော့လည်း ကျွန်မတို့ဘ၀ ဖြစ်တည်လာရမှုအပေါ် ကျွန်မတို့ ဘာမှမတတ်နိုင်တော့ဘူးပေါ့လေ။ ဒါပေမယ့် ဆရာ့စကားအရ အဲဒီလို ဖြစ်တည်နေမှုကို
                     ပြုပြင်ပြောင်းလဲလို့တော့ ရနိုင်တယ်မဟုတ်လား။
ဆရာ။          ။ရနိုင်တယ် မဟုတ်ဘူး။ ရကို ရပါတယ်။
ကျောင်းသူ။     ။ပြောပြပါဦး ဆရာရယ်။
ဆရာ။          ။ တစ်၊ အမှန်တကယ် ပြုပြင်ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒအခိုင်အမာရှိရမယ်။ မင်းမှာ ရှိပြီလား။
ကျောင်းသူ။       ။ရှိပါပြီ ဆရာရယ်။ စိတ်ဓာတ်ပျော့ညံ့တာဟာ လူ့လောကမှာ အဆင်ပြေပြေနေတတ်ဖို့အတွက် အတားအဆီးတစ်ခု ဖြစ်တယ်ဆိုတာ သဘောပေါက်နေပါပြီ
ဆရာ။         ။ပြင်းပြတဲ့ စိတ်ဆန္ဒ အခိုင်အမာရှိတယ်ဆိုရယ် ဘာမဆိုဖြစ်နိုင်ပါတယ်။
ကျောင်းသူ။    ။နှစ် အချက်က ဘာလဲဆရာ။
ဆရာ။        ။နှစ်အချက်က ကိုယ်အကြိုက်နှစ်သက်ဆုံး အရာ၊ ကိုယ်အဖြစ်ချင်ဆုံးဘ၀ဟာ ဘာလဲဆိုတာကို သေချာအောင် ဆန်းစစ်ရမယ်။
                 သုံးအချက်က အဲဒီလို ဆန်းစစ်လို့ ကိုယ့်ဟာကိုယ် သေချာပြီဆိုရင် လုပ်ရမယ်။ ဥပမာ- အစိမ်းရောင်ကို ကြိုက်တယ်ဆိုရင် ဘာပစ္စည်းပဲ ၀ယ်ဝယ် အစိမ်းရောင်ကို
                 သာ ၀ယ်ပြီးတော့ သုံးရမယ်။ တခြားအရောင်လေးတွေလည်း လှတာပဲဆိုတဲ့ စိတ်မျိုး အ၀င်မခံနဲ့။ ကိုယ်ဆုံးဖြတ်ထားတဲ့ ကိစ္စတစ်ခုကို ဘယ်တော့မှ နှစ်ခါ
                ပြန်မစဉ်းစားနဲ့။ ဆုံးဖြတ်ထားတဲ့အတိုင်း တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆက်သာ လုပ်တော့။ လုပ်ပါများရင် အကျင့်ဆိုတာ ဖြစ်သွားတာပဲ။
ကျောင်းသူ။        ။ နှစ်ခါပြန်စဉ်းစားရင် အမှားတွေ့နိုင်တယ်မဟုတ်ဘူးလား ဆရာ။
ဆရာ။             ။ အသေအချာ တွေ့နိုင်တာပေါ့။ ဒါပေမယ့် လူသားတွေရဲ့ တိုးတက်မှုလမ်းကြောင်မှာ အမှားမတွေ့တာတွေ၊ ဘာရှိသလဲလို့ ပြောပြစမ်းပါ။ လူသားတွေဟာ
                       စမ်းသပ်လုပ်ဆောင်လိုက်၊ အမှားတွေတွေ့လိုက်၊ အဲဒီ အမှားတွေကို ပြုပြင်ပြီး ရှေ့ဆက် စမ်းသပ်လုပ်ဆောင်လိုက်နဲ့ ဒီအခြေအနေကို ရောက်လာကြတာ
                      မဟုတ်လား။ အမှားကို ပြုလုပ်မိခြင်းဟာ အပြစ်မဟုတ်ပါဘူး။ တစ်ခါ ပြုမိတဲ့ အမှားကို နောက်တစ်ကြိမ် ထပ်ပြီး ကျူးလွန်ခြင်းကသာ အပြစ်လို့ ခေါ်ပါတယ်။
                      မှားမှာကို ကြောက်နေရင် ဘာမှလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။ မှားပါစေ။ မှားဖူးမှ အမှန်ကို သိရမှာပေါ့။
ကျောင်းသူ။        ။ နံပါတ် သုံး အကျင့် ဖြစ်အောင် လုပ်ပြီးရင် ဘာဆက်လုပ်ရဦးမလဲဆရာ။
ဆရာ။           ။ နံပါတ် လေး အဲဒီ အကျင့်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားရင် ကြာတော့ လူနဲ့ခွဲလို့မရတဲ့ စရိုက် အဖြစ် ရောက်သွားပြီဆိုရင် လူ့အဇ္ဈတ္တမှာ စွဲနေပြီ။ ခိုင်မြဲနေပြီ။
                     သံသယဖြစ်တာတွေ မရှိတော့ဘူး။ အဲဒီအဆင့်ရောက်သွားပြီဆိုရင် အားငယ်စိတ်တွေ၊ ပျော့ညံ့စိတ်တွေ အလိုလိုပျောက်သွားပြီး ပြတ်သားခိုင်မာတဲ့ စိတ်ဓာတ်တွေ
                     ရှိလာလိမ့်မယ်။
ကျောင်းသူ။     ။တွေဝေတတ်တဲ့စိတ်ရှိတာ ဘယ်နေရာမှ မကောင်းဘူးနော်။
ဆရာ။           ။ဟုတ်တယ်။ ဘယ်နေရာမှ မကောင်းဘူး။ အန္တရာယ်သိပ်ကြီးမားတယ်။ တွေဝေတတ်တဲ့စိတ် ရှိသူဟာ ကိုယ့်ကိုယ်ကိုယ် အမြဲ သံသယ ဖြစ်နေတတ်တယ်။
                    ငါလုပ်တာ ဟုတ်မှဟုတ်ပါ့မလား ဆိုပြီး အမြဲတွေးနေတော့ ကိုယ့်ကိုယ်ကိုအားမလိုအားမရ ဖြစ်လာတတ်တယ်။ အဲဒီ အားမလိုအားမရစိတ်တွေ
                    ကြီးထွားလာတော့ ဒေါသအဖြစ်ရောက်သွားတယ်။ ဒေါသက တဆင့်တက်တော့ မကျေမနပ်ဖြစ်ပြီး မကျေမနပ်စိတ်တွေများလာတော့ သွေးရူးသွေးတန်းတွေ
                   လျှောက်လုပ်ဖြစ်တယ်။ ရမ်ဘိုဆိုတာ အဲ့လိုစိတ်ရှိတဲ့လူမျိုးပေါ့။ သိပ်အန္တရာယ်ကြီးတယ်။ အဲဒါကြောင့် တွေဝေ မပြတ်သားတဲ့ ပျော့ညံ့စိတ်တွေကို ကင်းရှင်းသွားအောင်
                   ဖျောက်ဖျက်ပစ်ရမယ်။ ခိုင်မာပြတ်သားတဲ့ စိတ်ဓာတ်ဆိုတာ အောင်မြင်မှုအတွက် အခြေခံပဲ။
ကျောင်းသူ။     ။ တကယ်လုပ်မယ်ဆိုရင် နည်းက အလွယ်လေးပဲနော်။
ဆရာ။           ။ တကယ်လုပ်ချင်ရင် လောကမှာ မဖြေရှင်းနိုင်တဲ့ ပြသနာဆိုတာ မရှိပါဘူး။ တကယ်မလုပ်ချင်ရင် ဟိုအကြောင်းပြ ၊ ဒီအကြောင်းပြနဲ့ ဆင်ခြေဆင်လေက်တွေပေးပြီး
                    ဝေ့လည်ကြောင်ပတ်လုပ်နေကြလို့ ပြသနာတွေ ဖြစ်ပေါ်လာရတာပါ။ ကဲ မင်းအလုပ်ထွက်ချင်သေးသလား။
ကျောင်းသူ။      ။ မထွက်ချင်တော့ဘူး ဆရာ။ ဘယ်သူတွေ ဘာပြောပြော ကျွန်မအလုပ် ကျွန်မ ဆက်လုပ်သွားတော့မယ်။ ပျော့ညံ့တဲ့စိတ်တွေကို ဒီနေ့ကစပြီး ကျွန်မ မောင်းထုတ်ပစ်လိုက်တော့မယ်။                                                  
                                                                                လူထုစိန်ဝင်း