Search Box

ဆူးချက်


ဆူးချက် (တဂိုး)

ဝတ်ရည်ရင့်သည့်
တပွင့်ငုံအာ၊ ချစ်ပန်းလွှာအား
ဆွတ်ကာချွေယူ၊ ငါလျှင်ချူသည်
သင်မူသိစ၊ ဤလောက။

မြတ်နိုးလှစွာ၊ နုမာလာအား
ရင်မှသယု၊ ပိုက်ပွေ့ပြုသော်
ညံ့နုလဲဝါ၊ ငါ့သဲညှာဝယ်
ဖောက်ကာဆိပ်ဆူး၊ နစ်၍စူး၏။

နေ့ချိန်ကုန်မြောက်၊ ညသို့ရောက်သော်
ပွင့်ညှောက်ဖြူပြာ၊ ချစ်ပန်းလွှာကား
ရှိန်ဝါလွင့်မွဲ၊ ညိုရောင်စွဲခဲ့
သို့လဲပြေပါ၊ ငါ့သဲညှာဝယ်
ဒဏ်ရာဆူးချက်၊ ပြင်းပြလျက်တည်း။

အိုအဘယ်လောက၊ အိုလောကငယ်
မျာလှသောင်းသောင်း၊ ပန်းအပေါင်းလည်း
အကြောင်းသင့်စွာ၊ သင့်ထံလာလိမ့်
ငါ့မှာသော်ကား၊ ကံဖယ်ရှား၍
ရွေ့လျားမြုပ်တိမ်၊ ပန်းဆွတ်ချိန်လည်း
မှေးမှိန်မှုံရည်၊ ကုန်ခဲ့ပြီတည့်
ညဆီမှောင်စိုး၊ သန်းခေါင်ကျိုးသော်
လှမျိုးရောင်ချယ်၊ ချစ်ပန်းကွယ်၍
သဲဝယ်စူးမျက်၊ ဤဒဏ်ချက်သာ
သစ်လျက်ကျန်ခဲ့သည်တကား။

ရာဘင်ဒြာနတ် တဂိုး
(ငွေတာရီ ဘာသာပြန်သည်။)
တဂိုး၏ ခံစားရမှုစာများ (၁၉၆၈) မှ